ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ (မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီး)
ဆရာတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့ ခရစ်သက္ကရာဇ် နို၀င်ဘာလ ၁ရက် ၁၉၁၁ ခုနှစ်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ကျည်ပင်ရွာ၌ ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်နာမည် မောင်ခင်ဖြစ်သည်။ မောင်ခင် ၄ နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူ ဦးဆုံ ကွယ်လွန်ခဲ့သည်။ ၅ နှစ်သားအရွယ်မှစတင်၍ အခြေခံ ဗုဒ္ဓဘာသာ စာပေများကို ရွာဦးဘုန်းကြီးကျောင်းတွင် စတင်သင်ယူလေ့လာခဲ့သည်။ မန္တလေးမြို့၌ ထင်ရှားသော နန်းဦး ဘုန်းကြီးကျောင်းမှ ဆရာတော် ဦးသာသနာ့ မှာ မောင်ခင်၏ လက်ဦးဆရာဖြစ်သည်။ အဘိုးဖြစ်သူ ဦးချိုင် မှလည်း ဗုဒ္ဓဘာသာနှင့်ပက်သက်သော ရှိခိုးခြင်း၊ ဆုတောင်းခြင်း၊ ဟောပြောချက်များကို သင်ကြားပေးခဲ့သည်။ အသက် ၇ နှစ်အရွယ်တွင် မြင်းခြံ မင်းကျောင်းတိုက် ဆရာတော် ဦးသောဘိတ ထံ၌ သာမဏေ ဝတ်ခဲ့ပြီး ထိုအသက်အရွယ်မှ စတင်၍ မှတ်ဉာဏ်စွမ်းရည်ထက်မြတ်မှု လက္ခဏာများ ပြလေတော့သည်။ သူသည် ဝတ္ထု ၊ မဂ္ဂဇင်း၊ ဂျာနယ် အစရှိသည်များကိုပင် ထိုအရွယ်ကတည်းက ဖတ်နေပြီဖြစ်သည်။ ဆရာတော် ဦးသောဘိတသည် မောင်ခင်အား ပါဠိတွင် ထူးချွန်ပြောင်မြောက်သော အဓိပ္ပါယ်ဖြစ်သည့် ရှင်ဝိစိတ္တသာရ ဘွဲ့တော်ကို မှည့်ခေါ်ပေးခဲ့သည်။ မိခင် ဒေါ်ဆင်မှလည်း သံဃာ တစ်ပါးဖြစ်မြောက်လာအောင် အထူ:ပင် ချီးမြှောက်ခဲ့သည်။
ခရစ်သက္ကရာဇ် ၁၉၃၀ ခုနှစ်တွင် ရှင်ဝိစိတ္တသာရ သည် စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ်ရှိ ဓမ္ဓနန္ဒ ကျောင်းသို့ ပြောင်းရွှေ့ကာ ဆက်လက်သင်ယူခဲ့သည်။ ထိုအချိန်မှစ၍ ပျံလွန်တော်မူသည်အထိ မင်းကွန်းတွင်သာ အခြေပြုနေထိုင်ခဲ့သဖြင့် မင်းကွန်းဆရာတော်ကြီးဟု လူသိများခဲ့ခြင်းဖြစ်သည်။
http://wikipedia.org မှ ကိုးကားတင်ပြပါသည်။