Mahasi Sayadaw
မဟာစည်ဆရာတော် ဦးသောဘန
ကျေးဇူးရှင် မဟာစည်ဆရာတော် ဦးသောဘနကို ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာနေ ဦးကံထော်၊ ဒေါ်ရွှေအုပ်တို့မှ မြန်မာသက္ကရာဇ်၁၂၆၆-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၃-ရက်၊ (၂၉ ဇူလိုင် ၁၉၀၄) သောကြာနေ့ နံနက်သုံးနာရီ အချိန်တွင် ဖွားမြင်တော်မူသည်။ ငယ်နာမည်မှာ မောင်သွင်ဖြစ်သည်။
အသက်ခြောက်နှစ်သား အရွယ်တွင် ဆိပ်ခွန်ရွာရှိ ပျဉ်းမနားကျောင်း ဘုန်းတော်ကြီး ဦးပရမ ထံ၌ ပညာသင်ကြားခဲ့သည်။ အသက်(၁၂)နှစ်သားအရွယ်တွင် ၎င်းကျောင်း ဘုန်းတော်ကြီးထံ၌ပင် ရှင်သာမဏေပြု၍ ပိဋကတ်အခြေခံပညာရပ်တို့ကို သင်ကြားသည်။ သာမဏေဘွဲ့မှာ အရှင်သောဘန ဖြစ်သည်။အသက် ၂၀အရွယ်တွင် အင်ကြင်းတောကျောင်းတိုက်ရှိ ဗုဒ္ဓသိမ်တော်၌ အရှင်နိမ္မလမထေရ်ကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ Read More
မဟာစည်ဆရာတော်ကြီး သည် ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးဖြစ်ပြီး ဝိပဿနာတရားကို သင်ကြားပြသရာတွင် ထင်ရှားခဲ့သော ဆရာတော်ကြီး ဖြစ်သည်။
ဆရာတော်ကြီး သည် သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယအဖြစ် ဆောင်ရွက်တော်မူ ပြီး သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော်မူခဲ့သည်။ ကမ္ဘာအနှံ့ သတိပဋ္ဌာန်ဝိပဿနာ ပဋိပတ္တိ သာသနာပြု မထေရ်မြတ်ဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော် အရှင် သောဘနမထေရ်မြတ်သည် သက်တော်(၇၈)နှစ်၊ သိက္ခာတော် (၅၈)ဝါအရ (၁၄ ဩဂုတ်လ ၁၉၈၂)ခုနှစ်တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၌ စံလွန်တော်မူခဲ့ပါသည်။
wikipedia.org မှ ကိုးကားတင်ပြပါသည်။